Sunday, June 2, 2013

(၄) ရောဟဏီနက္ခတ်

(၄) ရောဟဏီနက္ခတ်(Aldebaran)

ရောဟဏီ နက္ခတ် အတွေးအကြံ နှင့်စန်းယှဉ်/ဖွားအဟော

ရောဟဏီနက္ခတ်သည် အရှေ့အရပ်ကို ပိုင်စားလေသည်။ (၄)လုံးနက္ခတ်ဇာတ်တွင် လယ်သမားဖြစ်၍
(၃)လုံးနက္ခတ်ဇာတ်တွင် မင်းနက္ခတ်ဖြစ်ပါသည်။ ရောဟဏီသည် တနင်္လာဂြိုဟ်ပိုင်နက္ခတ်ဖြစ်၍ ၄င်းဂြိုဟ်၏စရိုက်သဘာဝများနှင့်  ပြိဿရာသီတွင် ပါဒ်ပြည့် (၄) ပါဒ်ဖြင့်ရပ်တည်သောကြောင့် ၄င်းရာသီပိုင် သောကြာဂြိုဟ်မင်းတို့၏စရိုက်သဘာဝများ မလွဲမသွေ ပါဝင်နေသော နက္ခတ်ဖြစ်သည်။  ရောဟဏီနက္ခတ်၏ အရှင်သခင်မှာ ပရဇပတိ ဖြစ်သည်။ရောဟဏီနက္ခတ် အရောင်ညှိုးသော်  သီဟိုဠ် ပြည်သည် မငြိမ်မသက်ဖြစ်သည်။လူသားတို့၏ လိုလားတပ်မက်ကြသော အာသာဆန္ဒ၊ မေထုနဆန္ဒမှ ပေါက်ဖွားပါသည်။ ၄င်းနက္ခတ်သည် လူသားတို့ခံစားကြသည့် လောကီစည်းစိမ်၊ ရတနာရွှေငွေ၊ ရုပ်ဝတ္ထုတို့၏ကပ်ငြိမှုကို ပြဆိုပါသည်။ ရောဟဏီသည် ၂ လာ(စန်းဂြိုဟ်)၏ သဘောအကျဆုံးသော နက္ခတ်ဖြစ်သည်။ ယင်းကိုအကြောင်းပြုလျှက် စိတ်မာနကိုဖော်ပြသော ၂-လာဂြိုဟ်အားမှီလျှက် စိတ်အားတက်ကြွခြင်း၊ စိတ်ပျက်ခြင်း တို့ကို ဖြစ်ပေါ်စေပါသည်။

အတွေးအကြံအားဖြင့်
မြင့်တက်ခြင်း၊ အပေါ်သို့ရောက်ခြင်း၊ ဆွဲတင်ခံရခြင်း၊ အရပ်အမောင်း၊ ရာထူးတက်ခြင်း၊ ကြီးပြင်းခြင်း၊
ရှင်သန်ဖွံ့ဖြိုးခြင်း၊ မွေးဖွားထုတ်လုပ်ခြင်း၊ မူလဇစ်မြစ်၊ အစို့အညှောက်ထွက်ခြင်း၊ မီးတောက်လောင်ခြင်း၊
ကုံကုမံ၊ သွေး၊ အနီရောင်၊ ရေမွှေး၊ အမွေးအကြိုင်၊ သင်းပျံ့မှု၊ နှစ်လိုခြင်း၊ စိတ်နှလုံးသာယာခြင်း၊ စသည်တို့
ဖြစ်သည်။ လည်ချောင်းရောဂါ၊ သွေးလျှံတက်ခြင်း စသည်ရောဂါတို့ကို ဖြစ်ပေါ်စေခြင်းနှင့်
ကိုယ်ခန္ဒွာအစိတ်အပိုင်းတွင် ညှိုသကျည်း(ဒူးမှ ခြေမျက်စိထိ ခြေထောက်ပိုင်း) တို့ကို ကိုယ်စားပြုပါသည်။

၎င်းနှင့်စန်းယှဉ်မွေးဖွားလာသူသည် သစ္စာရှိသည်။ ရိုးသားဖြောင့်မတ်သည်။
သန့်ရှင်းသည်။ ဖြောင့်ဖျပြောဆိုနိုင်စွမ်းရှိသည်။ ဖြေးဖြေးမှန်မှန်စိတ်ထားနှင့် နှလုံးသားရှိသည်။ ရုပ်ဆင်းရူပကာအလွန်တရာ ကြည့်ကောင်းသည်။

မွန်းတည့်နက္ခတ် သဘော၌
 ရောဟဏီ နက္ခတ်၌ ဖွားသောသူသည် ဓနရှင်ဖြစ်၏။
ကျေးဇူးသိ၏။ ဥာဏ်လျှင်၏၊ မင်းမြတ်နိုးခြင်းခံရ၏။
ချစ်ဖွယ်စကားကို ဆိုတတ်၏။ မှန်ရာကို ဆိုတတ်၏။ ရုပ်ကောင်း၏။

ရောဟဏီနက္ခတ်၌ ပြုလုပ်အပ်သော ကိစ္စရပ်များမှာ-
ဆံပင်ခွဲခြင်း၊ လက်ထပ်ခြင်း၊ အ၀တ်တန်ဆာဆင်ယင်ခြင်း၊ စွဲမြဲတည်ငြိမ်စွာလုပ်ရသောအလုပ်၊
အိမ်မြေနေရာ၊ ပန္နရိုက်ခြင်း၊ မြေတူးခြင်း၊ အုတ်မြစ်ချခြင်း၊ ဘိသိက်သွန်းခြင်း တို့ကို ပြုလုပ်အပ်ပါသည်။