ကိုယ့် နက္ခတ်ဟာ.. အဿဝနီ အစ ၊ ရေ၀တီ အဆုံး (၂၇) လုံးထဲမှာမှ ဘာနက္ခတ် အမျိုးအစားတွေဖြစ်နေသေးလဲ ဆိုတာ ထပ်ပြီး
စီစစ်ကြည့်ရအောင်နော်..။
စန်းယှဉ်နက္ခတ်ယူနည်း ဆိုပြီးတော့ တွက်နည်းလေးကို link ထုတ်ပေးထားပါတယ်..။
နက္ခတ်အဟောတွေမှာ
(၁) လဂ်စီးနက္ခတ်
(၂) စန်းစီးနက္ခတ်
(၃) တနင်္ဂနွေဂြိုဟ်စီးနက္ခတ်
(၄) အခြားသောဂြိုဟ်တို့ စီးသောနက္ခတ် ဟူ၍ နက္ခတ်စီး(၄) မျိုးရှိပါသည်။
ယခု ပြဆိုမည့်တွက်နည်းတိုလေးက နက္ခတ်အမျိုးအစားမှာ စန်းယှဉ်နက္ခတ်(စန်းစီးနက္ခတ်)ကို
ထပ်မံခွဲခြားမှာဖြစ်ပါတယ်။
လူနက္ခတ် ၊ နတ်နက္ခတ် နှင့် ဘီလူး နက္ခတ် ဟူ၍ နက္ခတ် (၃) မျိုးကိုထပ်မံခွဲခြားခြင်းပါ။
တစ်ချို့သော အကိုးအကားစာအုပ်ငယ်တွေမှာ မွေးဖွားသူ ဇာတာရှင်၏ ကောဇာသက္ကရာဇ်ကို (၃) နဲ့ခွင်းပြီး နက္ခတ်ခွဲပါတယ်.။ အဲ့ဒီနည်းက မှားယွင်းပါတယ်.။ သက္ကရာဇ်ကို ခွင်းလို့ နက္ခတ်အမျိုးအစားမကွဲပါဘူး။ စန်းယှဉ်နက္ခတ်ကိုခွဲမှ နက္ခတ်အမျိုးအစားကွဲမည်ကို သာမာန်လေ့လာသူတွေတောင် သိနိုင်တဲ့ကိစ္စပါ။
ကဲ.. ဟုတ်ပြီ။
ဥပမာ... မိတ်ဆွေ ရဲ့ စန်းယှဉ်နက္ခတ်ကိုတွက်စစ်ကြည့်သောအခါ.. ၁၀ လုံးမြောက် မာဃ နက္ခတ် ဆိုပါစို့..။
၎င်း ၁၀ လုံးမြောက် မာဃ နက္ခတ်ကို (၃) ခွင်းသော် ၁-ကြွင်းသည်။
၂ လုံးမြောက် ဘရဏီ နက္ခတ်ကို (၃) ခွင်းသော် မခွင်းလောက်သဖြင့် .. ၂ ကြွင်းပြီးဖြစ်ပါသည်။
၂၄ လုံးမြောက် သတ္တဘိသျှနက္ခတ် ကို (၃)နှင့်ခွင်း သော် အကြွင်းပြတ်၍သုဉ်းသဖြင့် ၀- ဖြစ်ပါသည်။
(ကျန် စန်းယှဉ်နက္ခတ်များကိုလည်း ၄င်း အတိုင်း ခွင်းပါလေ)
ဤတွင်--
၁ ကြွင်းကို နတ်ယူ
၂ ကြွင်းကို လူ
ဝ သုဉ်းမူ ဘီလူး မှတ် ဟု သိပါလေ။
ဤ အဟောကို အချစ်နှင့် အိမ်ထောင်ရေး ဟောစာတမ်းတွင် ဖော်ပြသွားပါမည်..။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၍ ဘေးဘယာ ဝေးကွာနိုင်ကြပါစေ။
လူငယ်ဗေဒင်