Thursday, June 13, 2013

လူတို့၏ အသက်အရွယ်နှင့် သက်တမ်းအပိုင်း ကို ပြဆိုခြင်း

                                                                                                              

ပဏာမ ပုရိသ၊ ဣတ္ထိယမည်သော လူတို့၏အရွယ်ကိုပြဆိုရာ၌ ကျမ်းဂန်တို့အလိုကိုဆိုပါမည်။ ၀ိသုဒ္ဓိမဂ် အစရှိသော သာသနာတော်ကျမ်းဂန်တို့၌ မွေးဖွားသည်မှ ၃၃-နှစ်သည် ပထမအရွယ်ဟုလည်းကောင်း၊ ၃၃-နှစ်မှ ၆၇-နှစ်တိုင် အောင် ဒုတိယအရွယ်ဟုလည်းကောင်း၊ ၆၇-နှစ်မှ နှစ် ၁၀၀-တိုင်အောင် တတိယအရွယ်ဟုလည်းကောင်း ဆိုပါ သည်။ ဆေးကျမ်းတို့အလိုအားဖြင့် ဗာလ၊ မဇ္ဈိမ၊ ၀ုဒ္ဓဟု အရွယ်သုံးပါးကို ပြဆိုပါသည်။ ၄င်း၌ကား မွေးဖွားသည်မှ ၁၆-နှစ်အတွင်း ဗာလ မည်၏။ (ဤဗာလ
တွင်လည်း မွေးသည်မှ ၁-နှစ်အတွင်း နို့သက်သက်သာစို့သောကြောင့် ဒုဒ္ဓါသီ၊ ၂-နှစ်ကို ဒုဒ္ဓန္နာသီ၊
၂-နှစ်အထက်ကို အန္နာသီ)။ ၁၆-နှစ်မှ ၇၀-နှစ်တိုင်အောင် မဇ္ဈိမမည်၏။ (မဇ္ဈိမ၌လည်း ၃၂-နှစ်အတွင်း ယုဝါ၊ ၄၀ တိုင်အောင် တိဋ္ဌ၊ ၇၀-တိုင်အောင် ခီဏ)။ တနည်းအားဖြင့်လည်း မွေးဖွားသည်မှ ၁၀-နှစ် တိုင် မန္ဒဒသက(အကျိုးအပြစ်ကို ကောင်းစွာမသိသောအရွယ်)၊ ၁၁-နှစ်မှ ၂၀-တိုင် ခိဍ္ဍဒသက (အလွန်ပျော်ပါးမြူးတူး သောအရွယ်)၊ ၂၁-နှစ်မှ ၃၀-နှစ်တိုင် ၀ဏ္ဏဒသက (အရုပ်အဆင်းလှရန် ရှိသမျှဤကာလတွင်သာ လှပကုန်ကြ၏)၊ ၃၁-နှစ်မှ ၄၀-နှစ်တိုင် ဗလဒသက(ခွန်အားကြီးရန်ရှိ
သမျှ ဤကာလတွင်အကုန်ခွန်အားကြီး၏)၊ ၄၁-နှစ်မှ ၅၀ တိုင် ပညာဒသက( ပညာကြီးရန်ရှိသမျှ ဤကာလတွင်အကုန်ကြီး၏)၊ ၅၁-နှစ်မှ ၆၀-တိုင် ဟာနိဒသက (ဤကာလတွင် အရုပ်အဆင်း၊ ခွန်အား၊ ဥာဏ်ပညာ တို့သည် တစ်နှစ်အောက် တစ်နှစ်ဆုတ်ယုတ်ကုန်၏)၊ ၆၁-မှ ၇၀-  တိုင်အောင် ပဗ္ဘာဒသက(အရေချုံ့သောအရွယ်ဖြစ်၏)၊ ၇၁-နှစ်မှ ၈၀-တိုင် ၀င်္ကဒသက(ခါးကိုင်းသည့်အရွယ်)၊
 ၈၁-မှ ၉၀ တိုင် မောမူဟဒသက(တွေဝေမိန်းမောခြင်းများ၏၊ သူငယ်ပြန်တတ်၏)၊ ၉၁-နှစ်မှ ၁၀၀ တိုင် သယနဒသက(အိပ်ရာထဲ လှဲသောအရွယ်) ရှိကြသည်။ လူတို့သည် တစ်နှစ် တစ်ကြိမ် စိတ်တစ်ပုံ၊ ရုပ်တစ်ပုံ ပြောင်းလေသည်။  ဤကား ၀ိနယ ရဠတ္ထဒီပနီကျမ်းအဆိုဖြစ်ပါသည်။

    ဤနေရာတွင် စကားချပ်တစ်ခု ဆိုပါမည်။

ယခုခေတ်ကာလ၌ ပြောဆိုနေကြသည့်စကားအတိုင်း သုဿုတဆေးကျမ်း လူတို့သက်တမ်းတွင် အနှစ်တစ်ရာတွင်  ၁-နှစ်လျှော့လျှက် လူ့သက်တမ်းကို တိုလာသည် ဆိုသော စကားသည် အချို့ဆေးကျမ်းတို့ ပြောဆိုသည်နှင့်ညီ ပါသည်။ မဟာသုတသောမဇာတ်၌ ပေါရိသာဒ ပေးသောဆုကို မဟာသုတသောမမင်းကြီးခံလေရာ အသက် ၁၀၀- ယူလျှက် သက်တမ်းကိုတောင်း၏။ ဘလ္လာတိကဇာတ်တွင် ကိန္နရာနှင့်မင်းကြီးတွေ့ဆုံရာ ကိန္နရာကမေးသဖြင့် လူ့သက်တမ်း
အနှစ်-၁၀၀ ရှည်ကြောင်း မင်းကြီးကပြော၏။ ကိန္နရာတို့မှာ အသက် ၅၀၀-ရှည်ကြောင်းပြန်ပြော၏။ ထိုအခါတွင်လည်း အနှစ် ၁၀၀- တမ်း ဟုသိရ၏။ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် သည် ဝေဿန္တရာမင်းဖြစ်စဉ် ကာလ အနှစ်တစ်ရာတမ်းဟု ၄င်းဇာတ်တွင်ပင်ပါသည်။ ဝေဿန္တရာမင်းကြီး နတ်ရွာစံသော် သုတိတာ နတ်ပြည်၌ ဖြစ်၍  အခြားဘ၀မဖြစ်တော့ဘဲ ထိုဘ၀မှ လွန်သော် သိဒ္ဓတ်မင်းသားပဲ ဖြစ်ပါတော့သည်။ ဘုရားဖြစ်ပြန်လျှင်လည်း “ ဧတရဟိ ဘိက္ခဝေ ၀ဿ သတံ အပ္ပံ ၀ါ ဘိယျော။” ဟု ဟော်တော်မူသောကြောင့် ဘုရားရှင်လက်ထက်တွင်လည်း အနှစ် ၁၀၀- တမ်းဖြစ်သည်။ ပါဠိတော်ကိုထောက်သော်လည်း ပိုသည်လည်းရှိပါသည်၊ လိုသည်လည်း ရှိပါသည်။ (ဥပမာ-ဘုရားရှင်သည် အနှစ် ၈၀၊ အရှင်အာနဒ္ဒာသည်- နှစ် ၁၆၀)။ သို့သော်လည်း ဘုရားရှင်စကားတော်၌ ပျမ်းမျှသက်တမ်းပင်ဖြစ်ပါသည်။ ၄င်း အဋ္ဌကထာတို့နှင့်ပင် ၀ိနယဂုဠတ္ထဒီပနီကျမ်းတွင်
သာသနာ ၅၀၀၀- မကုန်မချင်း အနှစ်တစ်ရာတမ်းဟု ဆိုပါသည်။ ဤသည်ကိုထောက်လျှက် ယခုခေတ်ပြောဆိုနေကြသည့် လူ့သက်တမ်းအနှစ်တစ်ရာကြာလျှင် ၁-နှစ်လျှော့သည်၊ ဗြို့ဟပ်ကျမ်း အာယုဒါယပိုင်းတွင် အနှစ်တစ်ရာတွင် ၅-ရက်လျှော့သည် ဟုဆိုသောစကားတို့ကို မမှတ်အပ်တော့ပါ။ လူသတ္တ၀ါတစ်ဦးတစ်ယောက်၏ ကံ-ကံအတိုင်းသာ ဖြစ်၍ ပျမ်းမျှသည်သာ ဖြစ်ကြပါသည်။
ဝေဿန္တရာမင်းနှင့် သိဒ္ဓတ္ထဘ၀သည် ကြားနေဘ၀နတ်သက်ကို လူသက်နှင့်တွက်သော် အနှစ် ရှစ်သောင်း ကွာဟပါသည်။ ဤသည်ဆိုသော် လူ့သက်တမ်းပျောက်ကုန်၏။ ဥတုဘောဇနကျမ်းမှလည်း သက်တမ်းမလျှော့အပ် ဟု ကိုးကားလျှက်ဝေဖန်ပြန်ပါသည်။ ဤသို့ဆိုလျှင် နှစ်တစ်ရာကြာလျှင် တစ်နှစ်လျော့သော ယခု သာသနာ သက္ကရာဇ် ၂၅၀၀ ကျော်ကာလအရောက် ၂၅-နှစ်ယုတ်သဖြင့်
ယခုလူ့သက်တမ်းကို ၇၅-နှစ်တမ်းဟု မဆိုအပ်တော့ပါ။ အရွယ်အပိုင်းအားဖြင့် ယခုကျွန်တော်ပြဆိုသောအပိုင်းမှာ ထူးထူးထွေထွေကြောင့်မဟုတ်။သတ္တ၀ါနှင့် လူတို့သည် အရွယ်အလိုက် စိတ်နေစိတ်ထား၊ တွေးခေါ်မြော်မြင်မှုနှင့် စိတ်နေစိတ်ထား၊ အမူအကျင့်၊ စရိုက်လက္ခဏာ တို့သည် ပြောင်းလဲလာရသောကြောင့်ဖြစ်ပါသည်။ ကျမ်းအစောင်စောင် တို့ကို ညှိယူရမည်မှာ
မိန်းမတို့တွင် အမျိုး(၄)ပါး အလိုက် ရှိသည်ဖြစ်၍ ယခု ထပ်မံရေးသားမည့်အကြောင်းအရာကို အပြစ်တင်မစောပါရန် တောင်းပန်အပ်ပါသည်။
ဣတ္ထိယမိန်းမတို့တွင် အမျိုးဇာတ်(အဆင့်နှင့်မြင့်မြတ်ပုံ) အရ (၄) မျိုးရှိသည် ဖြစ်ပါ၏။
ဤ အကြောင်းကိုဆိုလျှက် နရသုခိကျမ်းကို မူတည်ကာ ဓါတုဗေဒကျမ်း၊ ဒွါဒရာသီနှင့်ဗေဒင်ကျမ်း တို့ကိုညှိလျှင် အကြင် သတို့သမီးတို့သည် ၁၄-၁၅ နှစ်အရွယ်သို့ရောက်သောအခါ ပဋိသန္ဓေအိမ်အတွင်းသို့ ရေစိမ့်ဝင်သောအိုးပမာ သွေးတို့သည်စိမ့်ဝင်သဖြင့် ပြည့်လျှင် နီသောအဆင်းရှိသော အိုင်းအမာဖုသည် ၇-ရက်ကြာအောင် သွေးတို့သည်
တဖြည်းဖြည်းကြီးရင့်ပါသည်။ ၇-ရက်စေ့လျှင် ပေါက်ကွဲလေ၏။ သွေးတို့သည် ယိုစီးထွက်လေ၏။ ထိုသွေးကိုပင် ပုပ္ဖမည်သော ပန်းသည် ဥတုသွေး လာသည်ဟုဖြစ်၏။ ၄င်းကို menstruation ဟုခေါ်ပါသည်။
ဓါတုဗေဒကျမ်းတွင် ၁၃-နှစ်မှ ပွင့်သည်ဟုလည်းကောင်း၊ လောကီ ရာဇမက္တဏ်ဗေဒင်ကျမ်းကြီးတွင် ၁၂-နှစ်ဟုလည်းကောင်း၊ သမိတိကျမ်းတွင် ၁၂-နှစ်ဟု လည်းကောင်း၊ သဒ္ဒနီတိ ကျမ်းတွင်လည်း ၁၂ နှစ်ဟုလည်းကောင်း၊ မာဂဓအဘိဓာန်ဋီကာပါဌ်တွင် လည်း ၁၂-နှစ်ဟုလည်းကောင်း၊ တချို့ကျမ်း တို့တွင် ၁၃-နှစ်။ ဤသို့ဆိုလျှင် တူညီသည်လည်းရှိသည်၊ ကွဲလွဲသည်လည်းရှိကြသည်။
တကယ်လည်း ကွဲလွဲရပေမည်။ အကြောင်းအားဖြင့်သော် ယောက်ျား၊ မိန်းမတို့၏ ဗီဇ၊သဘာဝကိုလိုက်သောအားဖြင့်လည်း ကံ၊စိတ်၊ ဥတု၊ အာဟာရ ဟုဆိုအပ်သော ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရား(၄)ပါးတရားသည် တစ်ဦးနှင့်တစ်ဦးအား အကျိုးပြုခြင်းမတူညီမှု၊ သတ္တ၀ါ၊ ပုထုဇဉ်ပီပီ ကိလေသာနှင့်ယှဉ်သော ကံ၊ စိတ်၊ ဥတု နှင့်အာဟာရဖြစ်တည်ရမှု
မတူညီသောကြောင့်ဖြစ်ကြပါသည်။ (ဥပမာတွင်- အသားကြီးငါးကြီးတို့ကို ပြင်းထန်စွာစားသောသူတို့သည် သစ်ဥ၊ သစ်ဖုကိုသာ စားသောသူထက် ကိလေသာရာဂ များစွာ သောင်းကျန်းပါသည်။ မွန်းလွဲနေလွဲအမျိုးမျိုးသောအာဟာရ မစားသောက်သူထက် စားသောက်သောသူသည် ကိလေသာ အမိုက်အမှောင်ကိုပိုတိုးပွားစေသဖြင့် (အဋ္ဌင်္ဂဥပုသ်သည်တို့မှစ၍အထက် သို့တိုင်ရှောင်ကြဉ်ရခြင်းအမှု) ဥာဏ်အားနည်းသော် များစွာလည်း ရက်စက်ဖို့ ၀န်မလေးသူဖြစ်ပါသည်။ ဘုရားရှင်သည် ရဟန်းတို့တွင် တောနေရဟန်း သည် မြို့နေရဟန်းထက် သက်တမ်းပိုရှည်ခြင်းနှင့်
အသက်ကြီး ဆယ်ပါးကို ပညတ်ထားသည်မှာ တရားတော်အတွက်ဤသည်နှင့် အခြားသောအနှောင့်အယှက်များစွာဖြစ်ပေါ် စေသောကြောင့်ဖြစ်ပါသည်။ ဤသည် သဘောအရ ကိလေသာထူပြောလေ ယုတ်ညံ့လေဖြစ်၍ ကင်းစင်လာလေ မြင့်မြတ်လေသော သဘောဖြစ်ပါသည်။ ထိုအခါ စိတ်သည် ရုပ်ကိုလည်း အပြန်အလှည်မှီတွယ်တတ်သော အညမည၊
သဟဇာတပစ္စည်း သဘောရှိ၏ ဟု ဝေဖန်ဆင်ခြင်ပါသည်။ ထိုသည့်အခါ အမျိုးကောင်းသားမြတ်၊ သားယုတ်၊ အမျိုးသမီးကောင်း၊ သမီးယုတ်ဟု ကံအကြောင်း၊ စိတ်အကြောင်း၊ ဥတုအကြောင်း၊ အဟာရအကြောင်းတို့ကိုအမှီအဟဲပြုလျှက် စိတ်ထားမြတ်ခြင်း၊ စိတ်ထားယုတ်ခြင်း၊ ကံတူအကျိုးပေး သဘောကြောင့် အမျိုးမြတ်ခြင်း၊ အမျိုးယုတ်ခြင်း ဆိုသော အကြောင်းရင်းတို့ ပေါ်လာရပေသည်။ ဤသို့ဆိုလျှင် ပုရိသယောက်ျားနှင့်ဣတ္တိယမိန်းမတို့၏ သျှတ္တရဟုခေါ်သော
စာစောင်အဖွင့်ကို မွန်မြတ်သောစိတ်သက်သက်ဖြင့်ရေးရခြင်းဖြစ် ကျွန်တော်သိမှတ်ရ သလောက် အမျိုး(၄)ပါးတို့၏ အကြောင်းရင်းတို့နှင့် ယှဉ်လျှက် ရေးသား ဖွင့်ဆိုပါတော့မည်။






                                                                                                                      (လူငယ်ဗေဒင်)
                                                                                                                             lu sent