(၇) ပုဏ္ဏဖုသျှုနက္ခတ် (B Geminaserum)
ပုဏ္ဏဖုသျှုနက္ခတ် အတွေးအကြံနှင့် စန်းယှဉ်အဟော
ပုဏ္ဏဖုသျှုနက္ခတ်သည် (၃)လုံးဇာတ်တွင် အမတ်နက္ခတ်ဖြစ်၍ (၄)လုံးဇာတ်တွင်ကုန်သည်နက္ခတ်ဖြစ်သည်။
အရပ်အားဖြင့် အရှေ့အရပ်ကို ပိုင်စားလျှက် ရာဟုဂြိုဟ်ပိုင်အုပ်စိုးသည်။ ပုဏ္ဏဖုသျှု၏အဓိပ္ပါယ်မှာ
အထပ်ထပ်အခါပြုလုပ်ခြင်း၊ အဖန်တလဲလဲ ပြုလုပ်ရခြင်းဖြစ်သည်။ ၄င်းနက္ခတ်သည် နေရာထိုင်ခင်း၊
ဘုံဗိမာန်၊ နေအိမ်၊ ခေတ္တနေထိုင်တည်းခိုခြင်း၊ ထပ်ကာထပ်ကာ အဖန်တလဲလဲပြန်ပေါ်ခြင်း၊
အခြေအနေသစ်ကို စတင်ထူထောင်ခြင်း၊ ဥစ္စာဓန၊ ဘဏ္ဍာစည်းစိမ်များ စည်တို့ဖြစ်သည်။
အတွေးအကြံအားဖြင့်
စီးပွားချမ်းသာ၊ ဓနစည်းစိမ်၊ ၀န်စည်စလယ် စသည်တို့နှင့်စပ်လျှက် အသစ်တစ်ဖန်ပြုလုပ်ခြင်း၊
ပြန်လည်ထူထောင်ခြင်း၊ နလံထခြင်း၊ ခရီးထွက်ရာမှ အိမ်ကိုပြန်ရောက်ခြင်း၊ နေအိမ်သို့ပြန်ခြင်း၊
အာဂန္တုဧည့်သည်အဖြစ်ခေတ္တနေထိုင်တည်းခိုခြင်း၊ နှောင်ကြိုးမဲ့ခြင်း၊ လွတ်လပ်ခြင်း၊ မကျိုးမပေါက်
ဖောက်ပြန်မှုမရှိခြင်း၊ လုံးဝဥဿုံပြည့်စုံမှုရှိခြင်း၊ အပြောကျယ်သည့် အပြင်လောကစသည်တို့ဖြစ်သည်။ သတ်မှတ်ပြဋ္ဌာန်းခြင်း နယ်နိမိတ်ပြဋ္ဌာန်းချက်၊ အချိန်ကန့်သတ်ချက်ပါဝင်သော မည်သည့်အတွေ့အကြုံမျိုးနဲ့မှ မသက်ဆိုင်ချေ။ အကန့်အသတ် အချုပ်အခြာကင်းရာမှာ အနမတဂ္ဂ အတိုင်းမသိဖြစ်သည်။ လုံခြုံစိတ်ချရခြင်း၊ ဘေးမသီရန်မခခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းတွင် လက်ချောင်းများဖြစ်ပါသည်။
မွန်းတည့်နက္ခတ် နှင့်မွေးဖွားလာသူတို့သဘော၌
စန်းယှဉ်မွေးဖွားလာသူသည် မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်လိမ့်မည်။
ပျော်ရွှင်လိမ့်မည်။ ရိုးသားလျှက် စိတ်ရင်းကောင်းသည်။ သို့သော်
ဥာဏ်ပညာထိုင်းမှိုင်းသည်။ ချည့်နဲ့ ချူချာသည်။ အာသာဆန္ဒပြင်းပြသော်လည်း
အနည်းငယ်မျှနှင့် ရောင့်ရဲနိုင်သည်။ ငြိမ်သက်၏။ ချမ်းသာ၏။