အညွန်းအားဖြင့် ဇာတာရှင်၏ မြန်မာသက္ကရာဇ်၏ နောက်ဂဏန်းနှစ်လုံးကို ၅ ပေါင်းပြီး ၇ နှင့်စား။ အကြွင်းကို ယူ၍ မိမိမွေးနေ့သားသမီးအဟောတွင် ဇာတာစစ်နိုင်ပါသည်။
ဥပမာ (၁၃၀၀ မှ ၁၃၉၉ အတွင်း) ၁၃၄၅ ခု ဖွား ကြာသပတေးသားဟုဆိုပါစို့။ နောက်ဂဏန်း ၄၅ ကို ၅ ပေါင်းပြီး ၇ စားသောအခါ (၁-ကြွင်း ကြာသပတေး) ဟု Sharch Box ထဲတွင် ရိုက်ထည့်၍ ရှာဖွေနိုင်ပါသည်။
၁ ခုကြွင်း တနင်္ဂနွေသားသမီး
လူအများနှင့် စုပေါင်းလုပ်ကိုင်ရသော လုပ်ငန်းများတွင် အကျိုးခံစားခွင့်မရှိခြင်း၊နိုင်ငံရေး၊ လူမှုရေး
အသင်းအဖွဲ့အစည်းများနှင် အကျိုးမပြုခြင်း၊
အခက်အခဲများစွာဖြင့် ဘဝကိုရုန်းကန်ရမည်။အပျက်အစီးပေါများပြီး ဘေးဥပါဒ်များစွာဖြင့်လုပ်ကိုင်ရမှုများသည်။
အသုံးအဖြုန်းကြီးနေလိမ့်မည် ။ စိတ်တို့သည်မငြိမ်သက် အမြဲလှုပ်ရှားမှု များနှင့် ခရီးဆက်သူဖြစ်သည်။
မတည်မြဲသောစိတ်လှုပ်ရှားမှုများနှင့် ပြောင်းလဲမှုတို့သည်မြန်ဆန်နေလိမ့်မည်။ မွေးချင်းများမည်။ (ဆုံးပါးမှုတို့ကြုံရန်အခွင့်အရေးပိုများသည်)
မိဘမောင်ဘွား၊ သားသမီးအိမ်ထောင်ဘက်တို့၏ ချစ်ခင်မှု၊ ယုယမှု ကျေးဇူးပြုမှုတို့ကို ရရှိမှုနည်းပါးလိမ့်မည်။
လူများစုအတွက် မိမိက နေရာတကာ ဝင်ရောက်အနစ်နာခံ၊ ကိုယ်ကျိုးစွန့်လုပ်ကိုင်ပေးနေရခြင်း၊ဘဝတစ်သက်တာလုံး လူယုံမွေး၍မရခြင်း၊ ဆရာတပည့်ထား၍မသင့်ခြင်းတို့ ဖြစ်လိမ့်မည်။မိတ်ဆွေအပေါင်းအသင်းများသူဖြစ်ပါက မိတ်အပေါင်းအဖော်ကြောင့် ဂုဏ်ပျက်ခြင်း၊ သိက္ခာကျခြင်း၊
မိဘမောင်ဘွား သားချင်းများနှင် စောလျှင်စွာ ခွဲခွာနေထိုင်ရခြင်း၊ဥာဏ်ရည်ဥာဏ်သွေးအလွန်ကောင်းမွန်သော်လည်း ခက်ခဲစွာကြိုးစားသင်ယူမှုကြောင့်
အတတ်ပညာတစ်ခုခု၌ ဝါသနာအလျှောက် ကျွမ်းကျင်တတ်မြောက်နေလိမ့်မည်။
မည်မျှပင် စိတ်ရင်းစေတနာထား၍ အများအတွက်လုပ်ကိုင်ပေးစေကာမူ မနာလိုမှု၊ ယှဉ်ပြိုင်မှု ပြစ်တင်ရှုံ့ချမှုတို့
ခံရတတ်ခြင်းတို့များစွာကြုံလိမ့်မည်။ အိမ်ထောင်ရေး၊ မိသားစုရေးအပိုင်းတို့တွင် အိမ်ထောင်ဘက်သည် ဒေါသကြီးခြင်း၊
မဆင်မခြင်လုပ်ကိုင်တတ်ခြင်း၊ နိုင်လိုမင်းထက်ပြုတတ်ခြင်း၊ မိမိအပေါ် အမြဲလွမ်းမိုးနေခြင်းတို့ကြုံလိမ့်မည်။
ဇာတာရှင်အမျိုးသားတို့သည် ဤကဲ့သို့အချိန်အခါများကြုံကြိုက်ရသောအခါ သေရည်သေရက်နှင့် ဘဝပျက်နိုင်သောအခြေအနေမျိုးဖြစ်သည်။
အပျော်အပါးကိုခုံမင်သောစိတ်ကို လျှော့ချနိုင်မှ လေလွင့်တတ်သောစိတ်သည် အခြေမှန်လိမ့်မည်။
ဘဝတွင် ငွေရလွယ်ပြီး ပွပေါက်တိုးစီးပွားဖြစ်ထွန်းတတ်မှု ကြုံရသော်လည်း အိုးပိုင်အိမ်ပိုင် ရခဲလျှက်
အိမ်ထောင်ရေးအပိုင်းတို့တွင် မပြည့်စုံမှုပိုမိုများပြားလိမ့်မည်။ ချင့်ချိန်နိုင်သော စိတ်ထားသည် အရာရာကို သည်းခံနိုင်သော
စွမ်းရည်ကိုဖြစ်ထွန်းစေသည်။ နှစ်ဦးလုံးသော မိဘတို့သည် ဇာတာရှင်အား ပညာရေး၊ စီးပွားရေး တို့အတွက် ကောင်းစွာ
မြှင့်တင်နိုင်လိမ့်မည်မဟုတ်။ ဖခင်သည် ကျန်းမာရေးချို့တဲ့တတ်ပြီး မိခင်သည် ခရီးများသူ သဘောထားမကြီးနိုင်သူ ဖြစ်လိမ့်မည်။
မိမိ၏အစွမ်းအစကို ထုတ်သုံးအားကိုးမှသာ အထိုက်အလျှောက် အောင်မြင်နိုင်လိမ့်မည်ဖြစ်သည်။
တစ်သက်သာ စီးပွားရေးအပိုင်းတွင် ငွေရလွယ်သော်လည်း ငွေကုန်မြန်တတ်သော သဘောများပါဝင်နေသည်။
ခရီးထွက်ခြင်း တပြည်တစ်ရွာသွားရောက်ခြင်းက ငွေရပေါက်ကို ပွင့်စေနိုင်သော အခွင့်အရေးဖြစ်သည်။
မသင့်သော အဆောင်တို့တွင် ရွှေ၊ ရွှေထည် နှင့် အဝါရောင် ပစ္စည်းများ ကံတရားညိုးမှိုင်သည်။ စီးပွားရေးကုန်သွယ်မှုတို့တွင်
ရေကြောင်းဖြင့်မသင့်ခြင်း၊ ရေနစ် ရေမြုပ် ရေ၌ ဘေးသင့်တတ်သဖြင့် ရှောင်ရှားသင့်သည်။
နီလာကျောက်မျိုးနှင့် အနက်ရောင် ပစ္စည်းများသည် ကံဇာတာမြင့်စေတတ်သော ပစ္စည်းမျိုးဖြစ်သဖြင့် ယင်းတို့ကို
ဆောင်သင့် ပြုသင့်သည်။ တစ်သက်တာ၌ မွေးလနှင့် ဝါဆို လတို့တွင် စီးပွားရေးလုပ်ကိုင်ပါက ကျရှုံးစေတတ်သဖြင့်
သီတင်းကျွတ်လ၊ နယုန်လတို့တွင်သာ စီးပွားရေးကို စတင်လုပ်ကိုင်သင့်သည်။ ကိုယ့်ဒူးကိုချွန်မှ ဘဝကိုရပ်တည်နိုင်မည်ဖြစ်သဖြင့်
လူမှုရေးတို့ကို မျှတစွာပေါင်းသင်းဆက်ဆံခြင်း၊ မိဘဆရာသမားများကို တတ်အားသမျှ ကူညီစောင့်ရှောက်ခြင်း တို့ကို ပြုလုပ်နိုင်မှ
အကျိုးပေးနိုင်မည်ဖြစ်သည်။ သားသမီးတို့၏ အကျိုးခံစားခွင့်၊ ပြုစုစောင့်မခြင်း နည်းလိမ့်မည်။
ကျန်းမာရေးတွင် လိပ်ခေါင်းရောဂါ၊ လေရောဂါ ၊ အစာအိမ်နှင့် ရင်ခေါင်းရောဂါများ ဖြစ်လွယ်တတ်ခြင်း၊
ဝမ်းဗိုက်တို့တွင် ဖြစ်တတ်သောရောဂါနှင့် ယားယံနာများဖြစ်ခြင်းစသော ရောဂါများ ဖြစ်ပွားလွယ်ကြသည်။
အသက်အပိုင်းအခြားတို့အလိုက် ထူးခြားဟောပြောချက်များအကျဉ်း
မွေးသည်မှ (၁)နှစ်အရွယ်တွင် မိသားစု၌ ဖခင်ကျန်းမာရေးမကောင်းခြင်း၊ အဖိုး၊ နှင့် လူကြီးသူမများ နာရေးဖြစ်တတ်ခြင်း၊
ကြွေးဟောင်း၊ မှုဟောင်းများကြောင့် ရုံးကနားများရောက်ခြင်း၊ စီးပွားရေး ချွတ်ခြုံကျခြင်း၊ ဇာတာရှင်သည်လည်း မကျန်းမမာမှုများပြားခြင်း၊
အိုးအိမ်ပြောင်းရွေ့ခြင်း၊ အိုးအိမ်မတည်ငြိမ်ခြင်း၊ မိသားစုရေး အနှောင့်အယှက်ကြုံခြင်း စသော ဘေးဥပါဒ်နှင့်တကွ ကြုံရလိမ့်မည်ဖြစ်သည်။
(၃)နှစ်အရွယ်တွင် မိသားစုဝင်မိန်းမများအရှက်တကွဲဖြစ်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်း၊ မြေယာကိစ္စအမှုသင့်ခြင်း၊ ငွေကြေးကုန်ကျခြင်း၊
ကျန်းမာရေးညံ့ဖျင်းခြင်း ၊အရှက်ဂုဏ်သိက္ခာများကျဆင်းခြင်း စသော မကောင်းမှုတို့ကို သင့်စေသည်။
အသက် (၆)နှစ်အရွယ်တွင် ဇာတာရှင်သည် စုတ်လာဘ်မသင့်သောကြောင့် ကျန်းမာရေးတွင် ဝမ်းရင် ဥပါဒ်ကြီးခြင်း၊ နာမကျန်းမှုများပြားခြင်းတို့
ကြုံပြီး သို့မဟုတ် မိမိအောက် ကလေးသူလေးသူငယ်များ ဆုံးပါးတို့ထိဖြစ်နိုင်လေသည်။ စုတ်လာဘ်သင့်သဖြင့် မိဘများ အမှုဟောင်းနှင့်
အခြေ ၄ ချောင်းတို့ အကျိုးပေးလိမ့်မည်။
(၇) နှစ်အရွယ်သည် ပညာရေးအခက်အခဲကြုံသော နှစ်ဖြစ်သောကြောင့် အခက်အခဲများစွာဖြင့် ပညာရေးကို ကျော်ဖြတ်ရသောနှစ်ဖြစ်သည်။
ဇာတာရှင်၏ မိခင်သည် ဇာတာရှင် (၇)နှစ်အရွယ်အရွယ်မှစ၍ ခရီးထွက်၍စီးပွားရှာရခြင်း၊ အိမ်နေမမြဲခြင်း၊ ၊ ပင်ပန်းလွန်းခြင်း၊ ဇာတာရှင်အား ဂရုမစိုက်နိုင်ခြင်း
ငွေဝင်သော်လည်း မမြဲခြင်း စသည့်အပြောင်းအလဲများသည် ဇာတာရှင် အသက် (၂၁)နှစ်သို့ ရောက်သည်အထိ မတည်ငြိမ်ခြင်းတို့ကို
ဖြစ်ပေါ်စေပါသည်။
(၁၉) အရွယ်တွင် တစ်ချက်ကြုံသည်မှာ အရှက်တကွဲဖြစ်ခြင်း (သို့မဟုတ် ) အသက်ဆုံးပါးလောက်သည်ထိ ဘေးဥပါဒ်ကြီးခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့်
၎င်းနှစ်တွင်ကား အညံ့တစ်ချက်ကြုံမိက လွန်စွာဂရုစိုက်ရမည့်နှစ်မျိုးဖြစ်သည်။ အသက် (၂၀) တွင် လာဘ်ကြီးတစ်ချက်ကြုံသဖြင့်
ထီပေါက်ခြင်း၊ အမွေရခြင်း၊ လုပ်ငန်းတစ်ခု အထမြောက်ခြင်း စသော ဘဝတစ်ဆစ်ချိုး ပြောင်းလဲပြုပြင်နိုင်သော ကိစ္စတစ်ရပ် ပေါ်ပေါက်လေသည်။
(၂၂)(၂၃) နှစ် အရွယ်တွင် ဇာတာရှင် အမျိုးသားသည် မိန်းမကိစ္စနှင့်ပတ်သက်လျှက် ငွေကုန်ကြေးကျများခြင်း၊ ချစ်သူမသင့်ခြင်း၊
အိမ်ထောင်ရေးအစီအစဉ်များပျက်ကွက်ခြင်း၊ စိတ်လေလွင့်၍ မငြိမ်မသက်ဖြစ်ရခြင်း ဇာတာရှင်အမျိုးသမီးဖြစ်ပါက မြေယာကိစ္စမျိုးနှင့် တရားရင်ဆိုင်ရခြင်း၊
အမွေကိစ္စရပ်ကြောင့် ငွေကုန်ကြေးကျများခြင်း၊ နာမကျန်းဖြစ်ခြင်း ၊ မိသားစုဆွေမျိုးများ၌ နာရေးကြုံခြင်း၊ အိမ်ထောင်ဘက် သို့မဟုတ် မိတ်ဆွေများကြောင့်
အရှက်တကွဲ အကျိုးနည်းခြင်းတို့နှင့် စိတ်ဆင်းရဲရသော နှစ်မျိုးဖြစ်သည်။ ထိုအခက်အခဲမျိုးတို့တွင်
ဆရာကောင်း၊ သမားကောင်းတို့အား ချဉ်းကပ်ခြင်း၊ စဉ်းစားဆင်ခြင်လျှက် မိမိကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်း၊ တွေးတောသုံးသပ်နိုင်ခြင်း တို့ကြောင့် ထိုအခက်အခဲမျိုးကျော်ဖြတ်နိုင်လိမ့်မည်ဖြစ်သည်။ လောကီရေး၊ လောကုတ္တရာအရေး လေ့လာလိုက်စားမှုတို့သည် အသက်(၂၂)နှစ်အရွယ်မှ
(၂၉)နှစ်အရွယ်ထိ ပိုမိုအားကောင်းလာလိမ့်မည်။ သာသနာဘက်သို့ ကူးပြောင်းလိုသော စိတ်များသည် ဤအချိန်အခါမျိုး၌ ဒွိဟဖြစ်နေတတ်ခြင်း၊
သို့မဟုတ် ကူးပြောင်းမိခြင်းတို့ဖြစ်လိမ့်မည်။ ကျမ်းဂန်များအား လေ့လာလိုက်စားခြင်း၊ ပညာအသစ်အသစ်တို့ကို သင်ယူလိုခြင်း၊ စူးစမ်းလိုခြင်း၊
တတ်မြောက်လိုခြင်း၊ ပညာရေးအပိုင်းတို့တွင် မရောင့်ရဲနိုင်ခြင်း စသော တွန်းအားများကို ဖြစ်ပေါ်လိမ့်မည်။
(၂၅) နှစ်တွင် မရှိသေးသူများ စစ်မှန်သော ချစ်သူအသစ်ရခြင်း၊ ရှိပြီးသူများ အိမ်ထောင်ရေးသင့်မြတ်ခြင်း၊ အရှေ့ဘက်၊ တောင်ဘက်အရပ်တို့မှ
စုပ်လာဘ်ဝင်ကြီးခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။
(၃၀) နှစ်နောက်ပိုင်းမှ စတင်ကာ ဝမ်းရင်၊ ဥပါဒ်ကြီးခြင်း၊ လိပ်ခေါင်းရောဂါကျရောက်ခြင်း၊ လေနထခြင်း၊ လေဖြတ်ခြင်း၊ အိမ်မွေး တိရစ္ဆာန်များ
သေကြေပျက်စီးခြင်း၊ သားသမီးများကြောင့် စိတ်ညစ်ရခြင်း၊ အရှက်ကွဲခြင်း ၊ ရွှေထည်ပစ္စည်းများ ကျပျောက်ခြင်း၊ဆုံးရှုံးခြင်း၊ စသည်တို့ စုပြုံလာနိုင်သော အခြေအနေမျိုးများဖြစ်သည်။ အသက် (၅၀) နှစ်နောက်ပိုင်းမှ စတင်ကာ ဆရာသမားဖြစ်ခြင်း၊ လူအများကြည်ညိုခြင်း၊ အရာရောက်ခြင်း၊
စိတ်နှလုံးချမ်းမြေ့ခြင်း စသော အကျိုးကျေးဇူးတို့ကို ခံစားရလိမ့်မည်။ အိုစာတာကောင်းသည်။
(ယခု ဟောပြောချက်များသည် အရေးကြုံတတ်သော နှစ်အလိုက်နှင့် စရိုက်သဘာဝ တစ်ချို့ကိုသာ တွက်နည်း (၃)နည်းပေါင်းစပ်လျှက် အကျဉ်းဖော်ပြလိုက်ခြင်းဖြစ်သည်။
ရက်စဉ်၊ နှစ်စဉ်အလိုက်အကျယ်ဟောရန်ကား ဟောစာတမ်းများစွာရှိနေပါ၍ အချိန်အများအပြားပေးရလိမ့်မည်ဖြစ်သောကြောင့် အဓိကဟောပြောချက်တို့ကိုသာ
ကောက်နုတ်လိုက်ခြင်းဖြစ်ပါသည်။ ဟောစာတမ်းအားဖြင့် အတန်အသင့် ပြည့်စုံနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း ဇာတာရှင် တနင်္ဂနွေ သား၊ သမီးတို့သည်လည်း ကိုယ်စိတ်နှစ်ပါ ငြိမ်းချမ်းပါစေသား ဟု စေတနာ၊ မေတ္တာရှေ့ထားလျှက်.. )